လိပ်သိုမြို့တွင် (၂၆)ကြိမ်မြောက် လုဒ်မယ်တော်သခင်မပွဲတော်နှင့် ရဟန်းသိက္ခာတင်မြောက်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီး

လိပ်သို ဖေဖော်ဝါရီ ၁၆

တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့၊ မယ်တော်ဂူရှေ့ရင်ပြင်၌ (၂၆)ကြိမ်မြောက် လုဒ်မယ်တော်သခင်မပွဲတော်နှင့် ရဟန်းသိက္ခာတင်မြောက်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ပွဲတော်ကာလတစ်လျှောက်တွင် မယ်တော်အလံနှင့် ပုပ်ရဟန်းမင်းကြီးအလံအား လွှင့်တင်ခြင်း၊ မြို့တွင်းသို့ မယ်တော်ရုပ်တုများနှင့်အတူ စိပ်ပုတီးစိပ် စီတန်းလှည့်လည်ဆုတောင်းခြင်း၊ ရဟန်းသိက္ခာတင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွဲတော်ကာလတွင် ကက်သလစ်ဘာသာဝင်များ စိတ်ကြည်နူးချမ်းမြေ့စေရန် အားကစားပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ ရိုးရာဗုံပုလွေအဖွဲ့များက တီးမှုတ်ချီးမွမ်းခြင်း၊ ပွဲတော်ကာလအတွင်း စတုဒိသာကျွေးမွေးဧည့်ခံခြင်း၊ ညပိုင်းဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

နော်ဖလောရင်း