ရွှေဘို ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်အလံအား တညီတညွတ်တည်း အလေးပြုခဲ့ကြသည်။ ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက ဖတ်ကြားခဲ့ပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ နှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ရွှေဘိုမူလတန်းကြိုကျောင်းမှ ကလေးငယ်လေးများက “သွေးချင်းတို့ရဲ့မြေ”၊ “မြန့်မာ့သနပ်ခါး”၊ တေးသီချင်းဖြင့် လည်းကောင်း၊ ရွှေဘိုသူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်း အတွက်သီချင်းတစ်ပုဒ်ဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ပြီး ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၅)စစ်အုပ်ချုပ်ရေး နယ်မြေစစ်နယ်မြေမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)