အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ပုသိမ်မြို့၊ ကမ်းနားစျေးရှိ စျေးဆိုင်များအား ဝင်ရောက်စစ်ဆေး

ပုသိမ် ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစာဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပုသိမ်မြို့၊ ကမ်းနားစျေးရှိ စျေးဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပူးပေါင်းအဖွဲ့သည် ကမ်းနားစျေးအတွင်းရှိ စျေးဆိုင်များအား ရှောင်တခင်ဝင် ရောက်စစ်ဆေးပြီး သတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်နေသော အစားအသောက်များနှင့် စားသုံးရန်မသင့် အစားအသောက်များ ရောင်းချနေမှု ရှိ/မရှိ တို့အား လိုက်လံကြည့်ရှုစစ်ဆေး၍ စျေးကွက်နမူနာ (၂၅)မျိုး ကောက်ယူခဲ့ကြပြီး ရွေ့လျားဓာတ်ခွဲယာဉ် (mobile lab van) ပေါ်တွင် rapid test kitများဖြင့်စစ်ဆေးခြင်း၊colour dye test စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အစားသောက်တွင် သုံးစွဲခွင့်မပြုသောဆိုးဆေး Rhodamine-B တွေ့ရှိသော  မျှင်ငပိ (၈)ပိဿာ (၅၀)ကျပ်သားကို ပူးပေါင်းအဖွဲ့မှသိမ်းဆည်း၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဧရာဝတီ FDA အနေဖြင့် ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် အစားအသောက်များကို ဈေးကွက် နမူနာကောက်ယူ၍ ရွေ့လျားဓာတ်ခွဲယာဉ် (Mobile Lab Van) ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းကို (၅.၂.၂၀၂၆) ရက်နေ့တွင် အောင်ဧရာဈေး၊ (၆.၂.၂၀၂၆) ရက်နေ့တွင် အောင်သီရိဈေးတို့တွင် စစ်ဆေးပြီး ဈေးကွက်နမူနာပေါင်း ၈၁ မျိုးကောက်ယူစစ်ဆေးခဲ့ပါသည်။ နမူနာများအနက် စားသုံးရန်မသင့် ဆိုးဆေးပါဝင်သော ငပိ စုစုပေါင်း ၆ ပိဿာ ၅၀ ကျပ်သားကို သိမ်းဆည်း ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)