မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်များက ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၁၁ ရက်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာစန်းဝင်း၏ ဦးဆောင်မှုဖြင့်  အထူးကုဆရာဝန်များက မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်သည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန် ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဥ်ဆောင်ရွက်ပေးသည်။

အဆိုပါဆေးကုသပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်