ပွင့်ဖြူ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံ ၂၁၇၃ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံဧက ၃၂၃၃ ဧက စိုက်ပျိုးရန်လျာထားရှိပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ပဲလွမ်း ၂၁၇၃ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ပဲလွမ်းကို နှစ်စဉ် စိုက်ပျိုးမှုတွေရှိပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲလွမ်းသီးနှံ ၃၂၃၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့မှာ ၂၁၇၃ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ပဲလွမ်းသီးနှံစိုက်ပျိုးတာနဲ့ပတ်သက်ပြီး စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်အောင်၊ အထွက်နှုန်းများ တိုးတက်အောင်၊ အရည်အသွေးပြည့်ဝတဲ့ သီးနှံများထွက်ရှိအောင် တောင်သူတွေကို မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့၊ စိုက်နည်းစနစ်များ မှန်ကန်စေဖို့နဲ့ ပိုးမွှားကျရောက်မရှိအောင် ကြိုတင်ကာကွယ်ကြဖို့စတဲ့ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါမကျရောက်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ စိုက်ပျိုးရေးသွင်းအားစုများ မှန်ကန်စွာသုံးစွဲတတ်စေရေး စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာစပ်ဆက်ဌာနများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲလွမ်းသီးနှံကို အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုသောသီးနှံများကို ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သောကြောင့် ပဲလွမ်းသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းစိုက်ပျိုးကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)