မင်းဘူး ဇန်နဝါရီ ၁၁
ဒန့်သလွန်ပင်၏ ရုက္ခဗေဒအမည်မှာ Moringa Oleifera ဖြစ်၍ horseradish tree, drumstick tree, Ben Oil tree ဟု အရပ်အမည် အမျိုးမျိုးခေါ်ဆိုကြသည်။ ဒန့်သလွန်ပင်၏ ဇာတိမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး အပူပိုင်းဒေသနိုင်ငံများတွင်လည်း ပျံ့နှံ့စွာပေါက်ရောက်သည်။ ယခုအခါ အာဖရိကနိုင်ငံများ၊ တောင်အမေရိက၊ သီရိလင်္ကာ၊ မက်ဆီကို၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် အများအပြားစိုက်ပျိုးကြသည်။ ဒန့်သလွန်ပင်အား နိုင်ငံအလိုက် သက်ဆိုင်ရာဘာသာစကားအလိုက် အမည်များစွာရှိသော်လည်း အသီးပုံသဏ္ဌာန်ကြောင့် drumstick tree လို့ လူသိများကြသည်။
ဒန့်သလွန်ရွက်တွင် ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း၊ ဗီတာမင်စီဓာတ်များပါရှိသည်။ မြန်မာနိုင်ငံတွင် ဒန့်သလွန်ရွက်ကို ဟင်းရည်အဖြစ် ကိုယ်ဝန်သည်များနှင့် သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြသည်။ ဒန့်ဒလွန်ရွက် အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်၍ ချက်ပြုတ်ခြင်းများကိုလည်း တွေ့ရှိရလေ့ရှိသည်။
ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်များကို မြန်မာလူမျိုးများက နှစ်သက်စွာစားသုံးကြကာ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကိုကြော်လို့ တဖုံ၊ ဟင်းခါးရည် ချက်လို့ တမျိုးစားကြသည်။ အစေ့များကိုတော့ မြေပဲကဲ့သို့စားကြသည်။ ဒန့်သလွန်သီး အစေ့မှဆီထုတ်ယူပြီး စားသုံးဆီအဖြစ် အသုံးပြုကြကြောင်းနှင့် ဒန့်သလွန်အပွင့်များကိုလည်း ချက်ပြုတ်စားကြသည်။ ဒန့်သလွန်ပွင့်မှာ ကယ်လစီယမ်၊ သံဓာတ် ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီနှင့် ပရိုတိန်းဓာတ်များ ကြွယ်ဝစွာ ပါဝင်နေကြောင်းသိရသည်။ ဒန့်သလွန်ပွင့်ကို ဟင်းချက်လျှင် အရသာမှာ မှိုနှင့်ဆင်တူသည်။ ဒန့်သလွန်ပင်ရဲ့ အခေါက်၊ အမြစ်၊ အရွက်၊ အသီး၊ အပွင့် အားလုံးတို့ဟာ ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံအတော်များများမှာ အသုံးပြုကြသည်။
ဒန့်သလွန်ပင်ဟာ ၁၀ မီတာခန့် မြင့်ပြီး ကိုင်းများက ကျွတ်ဆတ်သည်။ ကိုင်းဖြတ် မျိုးပွားယူကြကာ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လများတွင် ဒန့်သလွန်ကိုင်းကို ကိုင်းအရှည် ၁ မီတာမှ ၂ မီတာအတွင်း ဖြတ်ပြီး အပင်အသစ်အဖြစ် ပြန်လည်စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီး ၆ လမှ ၈ လ အကြာမှာတော့ အသီး စတင်သီးလေ့ရှိကြသည်။ အသီး၊ အရွက်၊ အပွင့်တို့က အရသာလည်းရှိတာကြောင့် အမျိုးမျိုးစီမံချက်ပြုတ် စားသောက်ခြင်းဖြစ်သည်။
အပင်မှာ ပင်လတ်မျိုးဖြစ်ပြီး၊ အမြင့် ၂၅ ပေအထိ မြင့်သည်။ အခေါက်ထူ၍ ချောပြီး အဖြူ စက်ကလေးများရှိသည်။ အတွင်းသားဖြူသည်။ အရွက်မှာ သုံးခါငှက်မွေး ရွက်ပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်မြွှာများသေးငယ်၍ ဘဲဥပုံရှိပြီး အရင်းအနည်းငယ်သွယ်သည်။ ထိပ်ဝိုင်းသည်။ မျက်နှာချင်းဆိုင်ထွက်သည်။ ထိပ်ရွက်တစ်ရွက်နှင့် ရွက်ပြားနူးညံ့ချောမွေ့ပြီး အနားညီသည်။ အပွင့်မှာ အဖြူရောင်ရှိပြီး အနံ့ရှိသည်။ တန်ခူး၊ ကဆုန်တွင်ပွင့်သည်။ အသီးမှာရှည်လျား၍ အစိမ်းရင့်ရောင်ရှိပြီး အက်ကွဲသီးဖြစ်သည်။ အမြောင်းပါသည်။ အသီးအတွင်းတွင် အစေ့များ တန်းစီလျက် ၅-၇ စေ့ခန့် ပါဝင်သည်။ အတွင်းသားထူသည်။ အစေ့၌အတောင်ပါသည်။ ကဆုန်၊ နယုန်လတွင် သီးသည်။ အမြစ်မှာ အမြစ်ခေါက်ထူသည်။ အမြစ်ဖြာသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ဟင်းသီးဟင်းရွက်ပင်အဖြစ် စိုက်ပျိုးကြသည်။ မြန်မာဆေးကျမ်းများအလိုအရ ဒန့်သလွန်သည် အနည်းငယ်ချို၍ ဖန်သောအရသာရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကိုနိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံးအကြောအခြင်၊ ရောင်ရမ်းနာတို့ကိုနိုင်၏။ မျက်စိကို အကျိုးပြု၏။ ဒန့်ဒလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲကောမြစ်၊ မိဿလင်ဟင်းခါးချက်သောက်သော် ရာသီထိမ်ခြင်းပျောက်၏။ ဒန့်သလွန်ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချိုအဖြစ် ပြုတ်သောက်သော် သွေးတိုးကျ၏။
၂။ ဒန့်သလွန်မြစ်ကို ထုထောင်းကြိတ်ခြေ၍ အရည်ကိုညှစ်ကာ စားပွဲဇွန်း တစ်ဇွန်းခန့်သောက်က အသံဝင်အသံကပ် လည်ချောင်းနာပျောက်၏။ ဒန့်သလွန်မြစ်နှင့် မုန်ညင်းစေ့အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီကျော်မျှ စိမ်ကာတစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက်က အစာမကြေ ဝမ်းဖော ဝမ်းရောင်ပျောက်၏။ ဒန့်သလွန်မြစ်ကို သုံးခွက်တစ်ခွက်တင်ကျို၍ စားပွဲဇွန်းတစ်ဇွန်း မှန်မှန်သောက်သော် ဝမ်းတွင်းသက်တန့်ပျောက်၏။ ပန်းနာရောဂါအတွက် ဒန့်သလွန်မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက်ရ၏။ ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္နဝါမြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ်ချက်ပြီး နံနက် ညတစ်ဇွန်းစီ သောက်သော် အားအင်ပြည့်ဖြိုး ခွန်အားတိုး၍ အသက် ရှည်စေ၏။ အမြစ်ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်းပျောက်၏။ အမြစ်ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချိုရောဂါပျောက်၏။
၃။ ဒန့်သလွန်သီးကို ဟင်းချက်ကျွေးက ကလေးများ သန်ကောင်၊ တုတ်ကောင်ကင်းရှင်းစေ၏။ အသီးကိုအမှုန့်ပြု၍ သကြားနှင့် ရောသောက်သော် ဆီးရောဂါပျောက်၏။
၄။ အစေ့သည် အဆိပ်သင့်ခြင်းနှင့် ခေါင်းကိုက်ရောဂါဖြစ်ခြင်းကို ပျောက်ကင်းစေတတ်၏။ အစေ့ကို အမှုန့်ပြု၍ နား၌ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယိုခြင်းပျောက်၏။ အစေ့ဆီကို အနာပေါက်နှင့် ယားနာအမျိုးမျိုးတို့၌ သုံး၏။
၅။ အစေးကို ပါးစပ်၌ငုံပေးသော် သွားပုပ်ခြင်းပျောက်၏။
၆။ အပွင့်ကို ဖောရောင်ခြင်း၊ အဖျဉ်းကြီးခြင်းနှင့် အကြောရောဂါ၊ သက်တန့်ရောဂါ၊ သလိပ်ရောဂါ၊ လေဖောက်ပြန်သော ရောဂါများအတွက် ဆေးဖော်စပ်သုံးရ၏။
၇။ လတ်ဆတ်သော အခေါက်ရည်ကို နား၌ထည့်ပေးသော် နားနာကျင်ကိုက်ခဲခြင်း၊ နားပြည်ယိုခြင်းများကို ပျောက်ကင်းစေတတ်၏။
၈။ အစေ့ဆီကို အနာပေါက်နှင့် ယားနာအမျိုးမျိုးတို့၌ သုံး၏။
၉။ အစေးကို ပါးစပ်၌ ငုံပေးသော် သွားပုပ်ခြင်း ပျောက်၏။
၁၀။ အပွင့်ကို ဖောရောင်ခြင်း၊ အဖျဉ်းကြီးခြင်းနှင့် အကြောရောဂါ၊ သက်တန့်ရောဂါ၊ သလိပ်ရောဂါ၊ လေဖောက်ပြန်သောရောဂါများအတွက် ဆေးဖော်စပ်သုံးရ၏။
၁၁။ လတ်ဆတ်သော အခေါက်ရည်ကိုနား၌ ထည့်ပေးသော် နားနာကျင်ကိုက်ခဲခြင်း၊ နားပြည်ယိုခြင်းများကို ပျောက်ကင်းစေတတ်၏။ ဤကဲ့သို့ အစာလည်းဆေး ဆေးလည်းအစာအဖြစ် ကျန်းမာရေးအတွက်အထောက်အကူ ဒန့်သလွန်ပင်၏ အသုံးဝင်ပုံများကို ရေးသားဖော်ပြ လိုက်ရပါတော့သည်။ ။
ဇေယျာနိုင်(ရွှေကန်မြေ)