ပန်းတောင်း ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖေဖော်ဝါရီ ၉ ရက်နေ့က မြိုနယ်သတင်းစာဆရာအသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ သတင်းမီဒီယာလောကသို့ ဝါသနာပါ၍ တက်ရောက်လိုသူများနှင့် သတင်းရေးသားမှုအတတ်ပညာကို စနစ်တကျ လေ့လာလိုသူများအတွက် သတင်းစာရေးသားနည်းသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး သင်တန်းနည်းပြ မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က သတင်း၏ အဓိပ္ပာယ်နှင့် သတင်းတန်ဖိုးများ၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ သတင်းခေါင်းစဉ်တပ်ခြင်းနှင့် နိဒါန်းရေးသားခြင်း၊ သတင်းကျင့်ဝတ်နှင့် ဥပဒေများ၊ သတင်းဓာတ်ပုံရိုက်ကူးနည်းစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ မြို့နယ်သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်နိုင်သန်းက သတင်းစာပညာကို အခြေခံကစပြီး စနစ်တကျ တတ်မြောက်အောင်၊ သတင်းကောင်းတစ်ပုဒ် ဖြစ်လာဖို့ ဘယ်လိုအချက်အလက်တွေ လိုအပ်တယ်၊ ဘယ်လိုပုံစံနဲ့ တည်ဆောက်ရတယ်ဆိုတာတွေကို အဓိကထားသင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)