မအူပင်မြို့၌ (၄၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသုဓမ္မာပရိယတ္တိဝိယာဓိကစာမေးပွဲကျင်းပ

မအူပင် ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၄၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိနယာဓိက စာမေးပွဲကြီးအား ယနေ့မွန်းလွဲ (၁) နာရီက အမှတ် (၄) ရပ်ကွက် မြို့လယ်ကျောင်းတိုက်ရှိ မဟာအတုလသကျသီဟချမ်းသာကြီးဘုရား တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

ဦးစွာနာယကဆရာတော်ကြီးများကြီးမှူး၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးသောဘဏ (ဝိနယဓရ)နှင့် မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိနယာဓိကစာမေးပွဲကြီး၏ အကျိုးတော်ဆောင် ဆရာတော်ဦးဝိစိတ္တတို့မှ စာမေးပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား ဖတ်ကြားပြီး မြို့နယ်အတွင်းရှိ သုဓမ္မာစာသင်တိုက်များမှသံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများမှ ရေးဖြေစာမေးပွဲနှင့် ပါဠိ-အနက် အာဂုံပြန်စာမေးပွဲအား ဖြေဆိုခဲ့ကြသည်။

အဆိုပါ ဝိနယာဓိက စာမေးပွဲကြီးအား တပို့တွဲလပြည့်ကျော် (၈)ရက်မှ (၁၂) ရက်နေ့ထိ (၅) ရက် တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မအူပင်မြို့နယ်အတွင်းရှိ သုဓမ္မာစာသင်တိုက် (၂၄)တိုက်မှ စာဖြေသံဃာပထမကြီးတန်း(၄)ပါး၊ ပထမလတ်တန်း(၁၇)ပါး၊ ပထမငယ်တန်း(၁၉)ပါး၊ အခြေပြု မူလတန်း (၅၁)ပါး၊ ဘိက္ခုသာမဏေတန်း(၁၃)ပါးနှင့် ရှင်သာမ‌ဏေ(အာဂုံ)တန်း (၉၇)ပါး၊ စုစုပေါင်း (၂၀၁) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                                   

အောင်မြင့်မြတ်