ကော့သောင်း ၊ ဇန်နဝါရီ ၈
မြို့ရွာသန့်ရှင်းကာ ကျန်းမာရေးနှင့်ညီညွတ်စေရေး ရပ်ကွက်ပြည်သူများအမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်ခြင်း အသိပညာပေးကမ်ပိန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လောကအလင်း NGO အဖွဲ့တို့ ပူးပေါင်းကာ ကော့သောင်းမြို့ ၊ သီရိမြိုင်ရပ်ကွက်အတွင်း ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ကမ်ပိန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ သန့်ရှင်းရေးဌာနစိတ်မှ ဒေါ်ချိုချိုခန့် ဦးဆောင်သည့် အဖွဲ့ နှင့် တိုင်းတာဝန်ခံ ဦးမင်းသူရဦးဆောင်သည့် လောကအလင်း NGO အဖွဲ့ တို့ပူးပေါင်း၍ ရပ်ကွက်အတွင်း သို့ အမှိုက်သိမ်းယာဉ်ကြီးများဖြင့်လှည့်လည်ကာ အမှိုက်စိုများအဖြစ် မီးဖိုချောင်ထွက် စားကြွင်းစားကျန် ၊သစ်သီးဝလံ ဟင်းသီးဟင်းရွက်သားငါးအခွံ၊အညစ်အကြေးများ နှင့် အမှိုက်ခြောက်များအဖြစ် ပလပ်စတစ်အိတ်၊စက္ကူ၊ ပုလင်းခွံ၊ဗူးခွံ များအား သီးခြားစီးခွဲခြားကာ အမှိုက်ထုတ်(၂)ထုတ်အဖြစ် စနစ်တကျသီးခြားစီခွဲခြားထုတ်ပိုး စွန့်ပစ်ကြရေး ရပ်ကွက်နေပြည်သူများ အိမ်အရောက် အိမ်တိုင်းစေ့ လိုက်လံအသိပညာပေးခြင်း၊ ရှင်းလင်းသရုပ်ပြပေးခြင်းဖြစ်ပြီး မိမိတို့ မြို့ရွာ၊ ရပ်ကွက်တွင် နေထိုင်ကြသော ပြည်သူများ ရောဂါဘယကင်းဝေးကာ ကျန်းမာရေးနှင့်ညီညွတ်ကျစေရန် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အထများ ပြည်သူများအကြား အလေ့အကျင့်ကောင်းတစ်ခုအဖြစ် ရေရှည်ကျင့်သုံးတတ်လာရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ဆောင်ရွက်မှုအဖြစ် သီရိမြိုင်ရပ်ကွက်ပြည်သူများအား အသိပညာပေးလုပ်ငန်းများ စတင်ဆောင်ရွက်ကြခြင်းဖြစ်ပြီး တစ်ရက်ခြားစီ မြို့ပေါ်ရပ်ကွက်များအားလုံးသို့ အမှိုက်သိမ်း မော်တော်ယာဉ်ကြီးများဖြင့် လှည့်လည် ပညာပေးလုပ်ငန်းများဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)
 
     
     
    