ဖျာပုံ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဆေးထိုးနှံစုရပ်များတွင် ယနေ့နံနက်ပိုင်းအချိန်က ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိအသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို သောက်ဆေး၊ ထိုးဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား မျက်စိအားဆေး (ဘီတာမင်အေ)နှင့် သံချဆေးများကိုလည်း ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း၊ ဗီတာမင်အေဆေးသည် မျက်စိကျန်းမာရေးအတွက် အလွန်ကောင်းမွန်သောဆေးဖြစ်ပြီး အမြင်အာရုံ ကောင်းမွန်စေရန် မျက်ကြည်လွှာကာကွယ်ခြင်းကို အားပေးသော ဆေးဖြစ်ကြောင်း ဗီတာမင်အေ ချို့တဲ့မှုများလာပါက ကြက်မျက်သင့်ရောဂါဖြစ်ပွားတတ်ခြင်း၊ ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတတ်ခြင်း၊ လည်ချောင်းနဲ့ အဆုတ်ဆိုင်ရာ ရောဂါပိုးများ မကြာခဏ ဝင်ရောက်တတ်ခြင်းတို့ကြောင့် ၎င်းရောဂါများကို ကြိုတင်ကာကွယ်နိုင်စေရန် အတွက်ကလေးငယ်များကို ဗီတာမင်အေဆေးများ လိုက်လံတိုက်ကျွေးရခြင်းဖြစ်ပြီး၊ မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်အလိုက် လိုက်လံကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်