ကျိုက်လတ်မြို့နယ်ရှိ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကျိုက်လတ် ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ထိုသို့မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး ဇာတ်တိုက်လေ့ကျင့်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌နိုင်လင်းနှင့်ဝန်ထမ်းများက မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ မီးလောင်မှုဖြစ်ပွားရာတွင် ပထမဦးဆုံးတွေ့ရှိသူသည် မီးသတ်သမားဖြစ်သည့် အတွက် မိမိဈေးတွင်ရှိသည့် မီးသတ်ဆေးဘူးများကိုအသုံးပြု၍ မီးလောင်မှုကို တားဆီးကာကွယ် နိုင်စေရန်၊ ဈေးရှိပစ္စည်းများ ဆုံးရှုံးမှုမှကာကွယ်ရန်အတွက် ဈေးသူ၊ ဈေးသားများအားလုံး မီးသတ်ဆေးဘူးများ၊ မီးငြှိမ်းသတ်နိုင်မည့်ပစ္စည်းများကိုအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နိုင်သည့် နည်းလမ်းများကို သိရှိထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မီးငြှိမ်းသတ်မှုကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ရာ ဈေးသူ၊ ဈေးသားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်