ကြံခင်းမြို့နယ်၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် နွေစပါးစိုက်ပျိုးသရုပ်ပြပွဲသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ကြံခင်း ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စု၊ အောင်မြင်ကိုင်းအနောက်တွင် ယနေ့နက်ပိုင်းက ပခမ်းနွေစပါးအား (Drum Seeder) ဖြင့် စိုက်ပျိုးသရုပ်ပြသခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြသည်။

အဆိုပါ Drum Seeder ဖြင့် လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက တောင်သူ ဦးတင်ရွှေ၏ ကွင်းအမှတ် ၄၃၊ ဦးပိုင် ၇၁/၇၂၊  လယ်မြေ ၂ ဧက၌ ပခမ်းနွေစပါးအား (Drum Seeder) ဖြင့် စိုက်ပျိုးသရုပ်ပြသခြင်းကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများက တောင်သူများအား Drum Seeder ဖြင့် စိုက်ပျိုးခြင်းသည် ကြဲခင်းထက် မျိုးစေ့နှုန်းထားလျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်း ကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီး နစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းပြောကြားပြီး၊ ဆည်ရေများ လေလွှင့်မှုမရှိစေရေး အကျိုးရှိစွာဖြင့် အသုံးပြုကြရန် အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း