ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club ၊ Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ပေါက်ခေါင်း ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်းပြီး စာရေးဆရာ ခင်စောတင့်ရေးသားသော “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားကာ စာရေးဆရာ ခင်စောတင့်ရေးသားသော "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်" စာအုပ်မှ "ရိုးသားဖြောင့်မတ်သော'' ခေါင်းစဥ်ဖြင့် စတင်ဆွေးနွေးခဲ့ပြီး (Book Club)အဖွဲ့ဝင်များဖြစ်ကြသော စာပေဝါသနာရှင်ဦးတင်ဝင်းနှင့် ဦးစိုးနိုင်တို့က "ကြုံလာသမျှ ဘုံဘဝ"၊ "မမေ့နိုင်သော ပီတိများ"စသည့် ခေါင်းစဥ်ခွဲများကို အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ (Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး စာပေဗဟုသုတတိုးတက်စေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့နှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာဗဟုသုတများ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)