ဘိုကလေး ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဖျာပုံခရိုင် လေးမြို့နယ်လုံးဆိုင်ရာအကြိမ်(၅၀)မြောက် ရွှေရတု ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေစာမေးပွဲတော်ကြီးအား ဖေဖော်ဝါရီ (၈)ရက်နေ့မှ (၁၂)ရက်နေ့ထိ ကျင်းပဆာင်ရွက်သွားမည်ဖြစ်ရာ ယနေ့နေ့လယ် (၁၂)နာရီခွဲ အချိန်၌ စာမေးပွဲပထမနေ့ ဝိနယဘာသာအားမြို့လယ်ကျက်သရေဆောင် ချိုကြည်သာသနာ့ ဗိမာန်၌ရေးဖြေစာမေးပွဲအဖြစ်လည်းကောင်း၊ အာဂုံပြန်စာမေးပွဲကို မြစိမ်းရောင်ဘုရားတန်ဆောင်းတော်ကြီးတွင်လည်းကောင်း ကျင်းပဆောင်ရွက်သည်။
ရေးဖြေစာဖြေဌာနနှင့် အာဂုံပြန်ဌာနများတွင် ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်မြို့နယ်တို့မှ ပရိယတ္တိနုဂ္ဂဟ စာမေးပွဲကျင်းပရေး ဗဟိုအလုပ်အမှုဆောင် ဆရာတော် ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများမှ ကြပ်မတ်ဆောင်ရွက်ကြပြီး စာဖြေဆိုနေမှုများအား ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များက လှည့်လည်ကြည်ညိုဖူးမြော်ခဲ့သည်။
ယနေ့ ကျင်းပသည့် အကြိမ်(၅၀)မြောက် ရွှေရတု ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေစာမေးပွဲတော်ကြီး သို့ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်တို့မှ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ မူလတန်း၊ အကြိုတန်း၊ စုစုပေါင်း ရှင်သာမဏေ (၈၀၀)ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ စာဖြေရှင်သာမဏေများနှင့်လေးမြို့နယ်မှ ကြီးကြပ်ဆရာတော်များသည် ယနေ့နံနက်ပိုင်းက မြို့နယ်တွင်းဆွမ်းဆန်စိမ်းအလှူခံကြွချီတော်မူခဲ့ပြီး ကြွချီရာလမ်းတစ်လျှောက် သာသနာ့ဒါယကာ/မများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း၊ နေ့ဆွမ်းကိုလည်း စာမေးပွဲကျင်းပရေး နာယကအဖွဲ့များ၊ ကော်မတီများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် ယခုနှစ် ဘိုကလေးမြို့နယ်တွင် ကျရောက်သည့် ဖျာပုံခရိုင် လေးမြို့နယ်လုံးဆိုင်ရာ အကြိမ်(၅၀)မြောက် ရွှေရတုပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေ စာမေးပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)