ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်ထောင်စုနေ့နှင့် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

ဟားခါး ဖေဖော်ဝါရီ ၈

ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားပေါင်းစုံချစ်ကြည်ရေးပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော်ရုံးဝန်းအတွင်းရှိ မန်းထာရိပ်သာရှေ့ကွင်းပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားပေါင်းစုံချစ်ကြည်ရေးပိုက်ကျော်ခြင်း (အလွတ်တန်း) တတိယလုပွဲနှင့် ချယ်ရီမြေ(က) အသင်းနှင့် လောက်နူးအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကျင်းပရာ ရှေ့တန်းအကောင်းဆုံးဆုရရှိသူကို ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးကလည်းကောင်း၊ နောက်တန်း အကောင်းဆုံးဆုရရှိသူကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်ကလည်းကောင်း၊ နောက်ထိန်းအကောင်းဆုံးဆုရရှိသူကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းကလည်းကောင်း၊  ပိုက်ကျော်ခြင်း (အလွတ်တန်း) တတိယရရှိသည့် Vakok King အသင်းကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ ဒုတိယရရှိသည့် လောက်နူးအသင်းကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ်ခန့်လွင်ကလည်းကောင်း၊ ပထမရရှိသည့် ချယ်ရီမြေ(က) အသင်း ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း ဆုတံဆိပ်၊ လည်ဆွဲပြားနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ငွေကျပ်သုံးသိန်းတန်ဖိုးရှိ အားကစားပစ္စည်းများအား ပြည်နယ်အား ကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်တာဝန်ခံထံ ပေးအပ်ပြီး အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်း သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးခရိုင်စုပေါင်းရုံးဝန်းအတွင်း (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၇၈) နှစ်မြောက် ချင်းအမျိုသားနေ့အခမ်းအနား ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပြည်ထောင်စုရိပ်သာတွင် ဧည့်သည်တော်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)