ဒေးဒရဲ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓတရားတော်များကို ကျက်မှတ်ရွတ်ဆိုဖြေဆိုခြင်းဖြင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်ကျင်းပမည့် အကြိမ် (၅၀) မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီးသို့ ဒေးဒရဲမြို့နယ်မှ ကြွရောက်မည့် နာယကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာဖြေရှင်သာမဏေများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခွဲက မင်္ဂလာကံကျောင်းတိုက်ရှိ သာဓုနယတန်ဆောင်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကြီးကို အကြိမ် (၅၀) မြောက်အဖြစ် ဘိုကလေးမြို့က တာဝန်ယူ ကျင်းပသွားမည်ဖြစ်ရာ ဒေးဒရဲမြို့နယ်မှ ကြွရောက်တော်မူကြမည့် စာဖြေရှင်သာမဏေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အလှူရှင်များက အလှူတော်ဝတ္တုများ ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။
လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟစာမေးပွဲကြီးသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ စာသင်တိုက် (၁၄)ကျောင်းမှ ဝင်ရောက်ဖြေဆိုမည့် ရှင်သာမဏေ (၁၂၂)ပါးနှင့် နာယကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များအား အေးချမ်းစွာဖြေဆိုနိုင်ရေး ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆွမ်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေဇာလင်း