ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏စီစဉ်မှုဖြင့် သင်တန်းသား (၅၁) ဦးအား (၄) ပတ်ကြာ သင်ကြားပေးခဲ့သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးဖြစ်သောကြောင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများသည်လည်း ပိုမို၍ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရမည့် ကဏ္ဍများတွင် ပါဝင်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ရခြင်းကြောင့် ဟိုတယ်ရှိ ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်လာမည်ဖြစ်သကဲ့သို့ အသစ်ဝင်ရောက်လာသည့် ဝန်ထမ်းများအား အခြေခံကောင်းကောင်းဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင်သင်ကြားခဲ့ရသည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုးဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းများသည် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအတွက် အဓိကကျပါကြောင်း၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများအနေဖြင့် ခရီးသွားဧည့်သည်များပေးရသည့် တန်ဖိုးနှင့်ညီမျှသည့် ဝန်ဆောင်မှုများပေးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း Green Zone များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကိုယ်စား ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း သင်ကြားပို့ချမှုမှတ်တမ်း Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)