တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆)တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၆)ကို ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ဆုံးဖြတ်ပေးရမည့်ကိစ္စများ၊ ဗဟို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ ဆက်လက်တင်ပြဆောင်ရွက်ရမည့်ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကိစ္စများနှင့်ပတ်သက်၍ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကော်မတီဝင်များကလည်း သုံးသပ်တင်ပြရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားလာသည့်ကိစ္စ၊ နှစ်ရှည်ပင် စိုက်ပျိုးလုပ်ကိုင်ရန် လျှောက်ထားသည့်ကိစ္စ၊ လယ်ယာမြေအဖြစ်သတ်မှတ်ပေးပါရန် တင်ပြလာသည့်ကိစ္စ၊ လုပ်ပိုင်ခွင့်ရမြေကို အပြီးသတ်မြေတိုင်းတာပေးပါရန်နှင့် သက်သေခံမြေပုံ ထုတ်ပေးရန် လျှောက်ထားလာသည့်ကိစ္စ၊ ကန့်ကွက်တင်ပြခြင်းနှင့် အပြိုင်လျှောက်ထားခြင်းအပေါ် သီးခြားအဖွဲ့မှ စိစစ်ဆောင်ရွက်ပြီး ပြန်လည်တင်ပြသည့် ကိစ္စရပ်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)