ပုသိမ် ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မရမ်းကျောင်းတိုက်တွင် ယခုလ (၈)ရက်နေ့တွင် ကျင်းပမည့် (၇၁) ကြိမ်မြောက် သုဓမ္မာဝိနယာဓိကစာပြန်ပွဲတော် စာအောင်ဆုနှင်းသဘင်အခမ်းအနားအတွက် အလှူတော်ငွေများဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသသည်။
ထိုသို့ ကျင်းပရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဦးစွာ “နမောတဿ” (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)ဘဒ္ဒန္တဝိဿုတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမိသားစုက (၇၁)ကြိမ်မြောက် သုဓမ္မာဝိနယာဓိကစာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသော ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင် အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်၊ လူပုဂ္ဂိုလ်တို့အတွက် အလှူတော်ငွေများပေးအပ်လှူဒါန်းရာ သုဓမ္မာဝိနယာဓိက အကျိုးတော်ဆောင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော်၊ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၁) ကြိမ်မြောက် သုဓမ္မာဝိနယာဓိကစာမေးပွဲကြီး စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပမည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)