ပုသိမ် ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်ခဲ့ပြီး တတိယအကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ရောက်ရှိရာ တိုင်းဒေသကြီးလွှတ်တော်ရုံးတာဝန်ရှိသူများက လွှတ်တော်ရုံးဖွဲ့စည်းပုံအဆင့်ဆင့်၊ လွှတ်တော်ကျင်းပသွားမည့် အစီအစဉ်များ၊ ရုံးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေရာချထားပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လွှတ်တော်ပင်မအဆောက်အဦ၊ အစည်းအဝေးခန်းမ၊ ရေးရာကော်မတီခန်းများ၊ Call Room၊ ကိုယ်စားလှယ်ဧည့်ရိပ်သာတို့အား ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေး၊ သန့်ရှင်းရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ လေအေးပေးစနစ်များ၊ မီးသတ်စနစ်များ၊ Audio and Video စနစ်များ၊ e-voting စနစ်များကောင်းမွန်ရေး၊ လွှတ်တော်ဝန်း စိမ်းလန်းစိုပြည်စေရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရေးတို့ကို လွှတ်တော်ရုံးတာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)