တမူးမြို့တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တမူး ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ မြိုသန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက တမူး-နန်းဖာလုံသွားလမ်းမကြီး လမ်းဘေးဝဲ/ယာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ၏ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ လမ်းဘေးဝဲ/ယာရှိ ချုံနွယ်များ၊ အမှိုက်များခုတ်ထွင်ရှင်းလင်းခြင်း၊‌ ရေစီးရေလာကောင်းမွန်‌စေရေးအတွက် ရေမြောင်းများရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များအား စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ်များဖြင့် သယ်ဆောင်ကာ သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလှမြင့်တို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီးအလားတူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများအား အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ