သရက် ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သော လေပြင်းဘေးအန္တရာယ်နှင့်ပတ်သတ်၍ လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များ အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ သရက်မြို့နယ်အတွင်း နေအိမ် (၆၀၀) လုံး၊ ကံမမြို့နယ်အတွင်းမှ နေအိမ် (၁၀၀) လုံးတို့ကို ပြုပြင်ဆောင်ရွက်ပြီးဖြစ်ခဲ့ကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို သရက်မြို့နယ်တွင် နေအိမ်အလုံး (၁၀၀)အား နေအိမ်တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားပေးခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ပျဉ်ထောင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ထောက်ပံ့ပေးခဲ့ကာ တက်ရောက်လာသူများမှ ဆွေးနွေးမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)