ပခုက္ကူ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ငြမ်းလုပ်ငန်း၊ ပြဒါးခံသစ်ဆေးသုတ်လုပ်ငန်းနှင့် ရွှေဆိုင်းချခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း စသည်ဖြင့် အပိုင်း (၃)ပိုင်းခွဲ၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ စေတီတော်ကြီးအပါအဝင် အရံစေတီ (၃၆)ဆူတို့အား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် စေတနာရှင်ပြည်သူများအနေဖြင့် ဘုရားကြီးသို့ လူကိုယ်တိုင်လာရောက်လှူဒါန်းကြသကဲ့သို့ နယ်ဝေးမှ စေတနာရှင်ပြည်သူများအနေဖြင့်လည်း သီဟိုဠ်ရှင်ဂေါပကအဖွဲ့(Facebook Page)မှတစ်ဆင့် အသိပေးနှိုးဆော်ထားသော THIHO SHIN PAGODA (၀၉-၇၇၇၈၅၃၅၃၆) အမည်ဖြင့် ဖွင့်လှစ်ထားသည့် AYA PAY Account တွင် အများအပြား ကုသိုလ်ပြုပါဝင်လှူဒါန်းကြသည်ကိုတွေ့ရကြောင်း၊ ယခုအခါ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အများပြည်သူလှူဒါန်းမှု စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၈၀၀ ကျော် လက်ခံရရှိထားပြီးဖြစ်သလိုလုပ်ငန်းအနေဖြင့်လည်း ၉၅ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း၊ စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်မှုလုပ်ငန်း အရည်အသွေးပြည့်မီကောင်းမွန်စေရေးနှင့် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ပခုက္ကူမြို့ရှိ ထေရ်ကြီးဝါကြီးဆရာတော်များ၊ နိုင်ငံတော်ဆင့်၊ တိုင်းဒေသကြီးအဆင့်နှင့် မြို့နယ်အဆင့်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘုရားကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ပြည်သူများ စုပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။
ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားသည် ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ဘုရားဖြစ်သည့်အပြင် အင်္ဂလိပ်အစိုးရလက်ထက်ဂေဇက်ဒီယားဝင်ဘုရား တစ်ဆူလည်းဖြစ်ခြင်းကြောင့် ဘုရားစေတီတော်ကြီးကို ခေတ်အဆက်ဆက်မင်းများ၊ အစိုးရများနှင့် စေတနာရှင်ပြည်သူများက စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြပြီး စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် နောက်ဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ဘာမီသာ(ပခုက္ကူ)