ထားဝယ် ဖေဖော်ဝါရီ ၂
မွန်အမျိုးသားတို့၏ဇာတိသွေး၊ဇာတိမာန်များရှင်သန်နိုးကြားရေးနှင့်မွန်စာပေမွန်ယဉ်ကျေးမှုများကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လိုစိတ်များမြင့်မားတိုးတက်လာစေရန်ရည်ရွယ်ကာ (၇၉)နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီးသိန်းဇော်မြင့်၊ ဦးခင်မောင်မြင့်၊ ဦးစောမာတင်လူသာတို့က (၇၉)နှစ်မြောက်မွန်အမျိုးသားနေ့အထိမ်းအမှတ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်တက်ရောက်လာသောဧည့်သည်တော်များအား မွန်ရိုးရာတပင်တိုင်အကဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပေးပို့သည့် မွန်အမျိုးသားနေ့ သဝဏ်လွှာအား တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်စဉ်တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကျရောက်တိုင်းကျင်းပသည့် မွန်အမျိုးသားနေ့အခမ်းအနားသည်သမိုင်းအစဉ်အလာ၊ ဂုဏ်သိက္ခာကြီးမားပြီး လူမျိုးတစ်မျိုး၏ အထွဋ်အမြတ်ဖြစ်သည့်အားလျော်စွာ မွန်လူမျိုးအားလုံးမိမိတို့ ရောက်ရှိနေထိုင်ကြသောနေရာ ဒေသအနှံ့အပြားတွင် ကျင်းပလျက်ရှိကြောင်း၊ မွန်လူမျိုးတို့၏ ဘာသာ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ သမိုင်းအစဉ်အလာများ မပျောက်ကွယ်မတိမ်ကောသွားစေရန်၊ ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန်အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်မှုရှိစေရန်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးအတူတကွပေါင်းစည်းပြီး စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကိုတည် ဆောက်သွားရန်စသည့် ကောင်းမြတ်သောရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိကြောင်း၊ အသီးတစ်ရာအညှာတစ်ခုပမာ အမိနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်းနေထိုင်ကြ သည့်နိုင်ငံတော်တစ်ခုဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးတို့သည် မတူညီသည့်သမိုင်းနောက်ခံ၊ ရပ်တည်ချက်၊ မိမိတို့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်နေထိုင်ကြသည့်အလျောက် မိမိတို့လူမျိုးအလိုက် အမျိုးသားနေ့များကိုလည်း ကောင်းမွန်သည့်ရည်ရွယ်ချက်များဖြင့်ကျင်းပကြကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းအတွင်းရှိ တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊စာပေနှင့်အနုပညာများ ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများပျောက်ကွယ်မှုမရှိစေရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်တိုင်းရင်းသားများအနေဖြင့်လည်းမိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် မွန်တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရန်နှင့် မွန်အမျိုးသားနေ့ဖြစ်သည့်အားလျော်စွာ မိမိတို့လူမျိုး၊ ဘာသာ၊ သာသနာ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မွန်တိုင်းရင်းသားညီအစ်ကို မောင်နှမများက မွန်တိုင်းရင်းသားရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေပြီး မွန်တိုင်းရင်းသူ ဒေါက်တာ နှင်းနှင်းရီက မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံစာတမ်းအား ဖတ်ကြားကာ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)