မကွေး ဖေဖော်ဝါရီ ၂
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့အခါသမယတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးမြို့၊ မြသလွန်စေတီတော် ဘုရားပွဲတော်ကွင်းပြင်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီးဌာန၊ သယံဇာတရေးရာဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနများမှ ကိုယ်စားပြုအသင်း (၁၃) သင်းတို့၏ တပျော်တပါး ထမနဲထိုးပြိုင်ပွဲဆင်နွှဲနေမှုနှင့် ပြိုင်ပွဲဝင်အသင်းကိုယ်စားပြုအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှု များကို ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာထမနဲထိုးပွဲတော်ကို မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရ ကောက်ဦးပေါ်စ တပို့တွဲလဆန်းအချိန်မှ လပြည့်နေ့တိုင်အောင် နိုင်ငံအနှံ့အပြားတွင် ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါကြောင်း၊ ထမနဲကို မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်များ၊ သက်ကြီး ရွယ်အိုများကို လှူဒါန်းခြင်းဖြင့် ဒါနကုသိုလ်ရရှိစေမှာဖြစ်သလို မြန်မာ့ရိုးရာယဥ်ကျေးမှု အစဥ်အလာ တစ်ရပ်ကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ၊ထမင်းနဲထိုးခြင်းမှစည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် အချိန်ကိုစီမံခန့်ခွဲနိုင်မှုအစရှိသည့်အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါကြောင်း၊ မိမိတို့ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့အတွက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုတို့ တည်တံ့နေခြင်းလည်းဖြစ်ပါကြောင်း၊ မိမိမြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာကောင်းများ၊ ရိုးရာယဉ်ကျေးမှုပွဲတော်များကို မပျောက်ပျက်အောင်မျိုးဆက်သစ်လူငယ်များက ထိန်းသိမ်းသွားရန် လိုအပ်ကြောင်းနှင့်မြန်မာ့ဓလေ့ထုံးစံများအရှည်တည်တံ့ရန်နှင့်ယဉ်ကျေးမှု အစဉ်အလာကောင်းများ ကို အသိစိတ်ဓာတ်ရှိစွာဖြင့် လက်ဆင့်ကမ်းမျှဝေဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက်ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္တဆု၊ နှစ်သိမ့်ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများအား ဆုကြေးငွေများနှင့် ဟန်းဆက်၊ လျှပ်စစ်မီးပူ၊ ပန်ကာ၊ မီးအိမ်၊ ထမင်းပေါင်းအိုးများအပြင် ဗလာမပါကံစမ်းမဲကံထူးရှင်များအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ညပိုင်းတွင် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကို ကျင်းပရာ စိန်နပန်မီးပုံပျံ (၄) လုံး၊ ညမီးကြီးမီးပုံးပျံ (၁) လုံးနှင့် မီးပုံပျံငယ် (၃၀၀) တို့အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ မကွေးတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များက မီးထွန်းညှိ၍ လွှတ်တင်ကာ ထမနဲထိုးပြိုင်ပွဲနှင့်မီးပုံးပျံလွှတ်တင်ပွဲကို ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)