ဘားအံ ဖေဖော်ဝါရီ ၂
သာသနာတော်နေလပမာ အဓွန့်ရှည်ကြာစွာ စည်ပင်ပြန့်ပွားထွန်းလင်း၍ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ဖြာနှင့်ပြည့်စုံသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်သံဃနာယက(မူလဒွါရ) အမိတာရာမရဲကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂုဏာလင်္ကာရ အမှူးပြုသော အထူးပင့်သံဃာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဧည့်ပရိသတ် အပေါင်းတို့သည် ပြည်နယ်သံဃနာယက(မူလဒွါရ) အမိတာရာမရဲကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂုဏာလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများချီးမြှင့်တော်မူ သည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက အထူးပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ စာအောင်သံဃာတော်များကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက စာအောင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များကိုလည်းကောင်း အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။
အခမ်းအနားတွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူခဲ့ကြသည့် ပထမကြီးတန်း (၅)ပါး၊ ပထမလတ်တန်း(၃၆)ပါး၊ ပထမငယ်တန်း(၇၂)ပါး၊ အခြေပြုမူလတန်း အပါး ၁၇၀၊ စုစုပေါင်း ၂၈၃ ပါး ၂၀၂၄ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ အဘိဓမ္မာသုံးဆင့်အောင် ပြည်နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ (၃)ဦးတို့ကို စာအောင်ဆုနှင့်အောင်လက်မှတ်များ ဆက်ကပ်ချီးမြှင့်ပူဇော်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်အပေါင်းတို့သည် ပြည်နယ်သံဃနာယက(မူလဒွါရ) အမိတာရာမရဲကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂုဏာလင်္ကာရထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ကြွရောက်ချီးမြှင့်တော်မူသော အထူးပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)