ဝက်လက် ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာတွင် ကွမ်းနုဝါခြံများ စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလုပ်သူများအနေဖြင့် ယခုအချိန် ဆောင်းရာသီကာလအတွင်း ကွမ်းနုဝါ (၁) ပိဿာကို (၈၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ စျေးကောင်းရရှိကာ ရောင်ချရလျက်ရှိသဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် စိုက်ပျိုးကြသည့် ကွမ်းနုဝါမျိုးပင်များကို ရွှေဘိုမြို့နယ် မောင်းတက်ကျေးရွာမှ တစ်ပင်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့်ဝယ်ယူပြီး (၄၅) ရက်သားမျိုးပွား ထားရှိကာ၊ ဝါဆိုလ ဝန်းကျင်ခန့်တွင် စတင် စိုက်ပျိုးပြီး၊ တစ်ပင်နှင့် တစ်ပင်( ၂ ) ပေခြားစီဖြင့် ခြံအတွင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရကြောင်း သိရသည်။
ကွမ်းနုဝါပင်များကို ရေလောင်းပေးရာတွင် နွေးရာသီပူပြင်းချိန်၌ (၃) ရက်လျှင်တစ်ကြိမ်၊ ဆောင်းရာသီ အေးသောအချိန်၌(၅)ရက်လျှင်တစ်ကြိမ်၊ မိုးရာသီတွင် မိုးရွာသွန်းမှုကိုကြည့်၍ ရေလောင်းပေးရကြောင်း သိရသည်။ ကွမ်းပင် (၃) လသားအရွယ် ရောက်ချိန်တွင် စတင်၍ခူးရာ၊ ကွမ်းအပင် (၁၀၀၀) စိုက်ပျိုးထားလျှင် ကွမ်းပိဿာ (၃၀) ခန့် ရရှိကာ (၁၅) ရက်လျှင်တစ်ကြိမ် ခူးရကြောင်း၊ ခူပြီးသား ကွမ်းရွက်များကို ဝက်လက်မြို့၊ ရွှေဘိုမြို့များသို့ သွားရောက်ကာ ရောင်းချရကြောင်း၊ ယခုအချိန်ဆောင်းတွင်းကာလ ဖြစ်၍ ကွမ်းနုဝါ စျေးနှုန်းမြှင့်တက်လာကာ မိသားစု စာဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကွမ်းနုဝါခြံ စိုက်ပျိုးထား သူ ဆားတောင်ကြီးကျေးရွာနေ ဦးမိုးဇော်အောင် ၏ ပြောကြားချက်အရ သိရှိရသည်။
စိုးစိုးလှိုင်(ဝက်လက်)