မြဝတီ ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း online လိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၃:၀၀)နာရီ အချိန်၌ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်စျေး ဓမ္မာရုံ၌ online လိမ်လည်မှုနှိမ်နှင်းရေး လုပ်ငန်းများကြီးကြပ်ရေးကော်မတီဝင်များ ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၂) ဦးစိန်သောင်းက online လိမ်လည်မှုဝေါဟာရ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်းကောင်း၊ online လိမ်လည်မှု အမြစ်တွယ်ပျံ့နှံ့လျက်ရှိသည့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်းနိုင်ငံများ၌ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှု၊ ဖြားယောင်သွေးဆောင်မှု စသည့်ဒုစရိုက်လုပ်ငန်းများ အမျိုးအစားများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူမှုပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသည့် online လိမ်လည်မှုမှ ရှောင်ရှားနိုင်ရေးအတွက် သတင်းတု၊ သတင်းမှားနှင့် သတင်းမှန်များဆိုင်ရာ သတိထားရမည့်အချက်များ၊ လတ်တလောဖြစ်ပွားနေသည့် online လိမ်လည်မှုဖြစ်စဥ်များ၊ သတိပြုဆင်ခြင်ရမည့် အချက်များကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစောဝင်းနိုင်က Online လိမ်လည်ရောင်းဝယ်မှုနှင့် စပ်လျဥ်း၍ အရေးကြီးကုန်စည်နှင့် ဥပဒေအရမှတ်ပုံတင်ရမည့်အချက်များ၊ အွန်လိုင်းလိမ်လည်မှုနှင့် ကြုံတွေ့လာပါက တိုင်ကြားဆက်သွယ်ရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ ကိုလည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်က ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် online နှင့် စပ်လျဥ်း၍မသင်္ကာဖွယ်ရာ ထူးခြားမှုလက္ခဏာ တစ်စုံတစ်ရာတွေ့ရှိပါက သတင်းပို့တိုင်ကြားရမည့် နည်းလမ်းများနှင့် ဧည့်သည်များတည်းခိုရန် ရောက်ရှိပါက စစ်ဆေးရမည့်အချက်များ သတိပြုလိုက်နာရမည့် အချက်များကိုလည်းကောင်း၊ လူကုန်ကူးမှူတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဒုတိယရဲမှူး သက်ဇော်ထွန်းက online မှတစ်ဆင့် လူကုန်ကူးမှု၊ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှုနှင့် သွေးဆောင်မှုဖြစ်စဥ်များနှင့် သတိပြုဆင်ခြင်ရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေ၊ ဒုတိယမြို့နယ်မှူး ဦးထူးထက်အောင်က online လိမ်လည်မှုနှင့်စပ်လျဥ်း၍ ချမှတ်ထားသည့် ဥပဒေပုဒ်မများ၊ လတ်တလောအရေးယူထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့က မြဝတီမြို့နယ်အတွင်း online လိမ်လည်ရောင်းဝယ်မှုကို ဟန့်တားနိုင်စေရေးအတွက် အွန်လိုင်းရောင်းဝယ်မှုမှန်သမျှ မှတ်ပုံတင်ရန် လိုအပ်သည့်အချက်များ၊ ဥပဒေနှင့်မလွတ်ကင်းသည့် အွန်လိုင်းလိမ်လည်မှုအပေါ် အရေးယူဆောင်ရွက်လျက်ရှိသည့် ဖြစ်စဥ်များကိုလည်းကောင်း အသီးသီးဟော ပြောခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် ပြည်သူများကို လူကုန်ကူးမှူတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူး သက်ဇော်ထွန်းက online လိမ်လည်မှု လုပ်ငန်းပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)