ရေတာရှည်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 ရေတာရှည် ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ မွန်းလွဲ (၃) နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာညီဆွေက မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ၊ တိုးချဲ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၏ အဓိကရည်ရွယ်ချက်များနှင့် သွားလာရေးခက်ခဲသော ဒေသများ၊ ပြောင်းရွှေ့ရောက်ရှိလာသည့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

 ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောင့်ရေးအသင်း၊ ကျေးလက်ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးနှင့် ပတ်သက်၍ ကာကွယ်ဆေး ပိုမိုထိုးနှံပေးနိုင်ရေးအချက်များကို မေးမြန်းညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)