ပုလော ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်အဆင့်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားလာစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
အစည်းအဝေးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး စိုင်းနော်နော်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြုံးချိုက “ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၏ ရည်ရွယ်ချက်များ၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားစေရေး လက်ရှိဆောင်ရွက်လျက်ရှိသော နည်းဗျူဟာများ၊ ပုံမှန်ကာကွယ် ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများ၌ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းများ ပိုမို အဆင်ပြေချောမွေ့စွာ အရှိန်ဟုန်မြှင့်ဆောင်ရွက်နိုင်ရေးလုပ်ငန်းများနှင့် ၂၀၂၆ ခုနှစ်တွင် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ” ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများက မြို့နယ်အဆင့် ကာကွယ် ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မား လာစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်သည်။
ပြည်သူကျန်းမာရေးဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ် ဆေးလွှမ်းခြုံမှုပိုမိုအားကောင်းစေရန်အတွက် အသက် (၁) နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက် (၅)နှစ်အောက် ကလေးငယ်များတွင် ကာကွယ် ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုလျှော့ချရန်ရည်ရွယ်ပြီး Big Catch-up Routine Catch-up နည်းလမ်းများဖြင့် အသက် (၁၅)နှစ်အောက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကလေးများကို လိုအပ်သောကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ (Special Immunizatión Activities)၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization) စသည်ဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး ခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျောင်းနေအရွယ် KG ကလေးငယ်များအား ကျောင်းအခြေပြုဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား ကျောင်းအခြေပြု နှင့် ပြည်သူလူထု အခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၊ ကျန်းမာရေးဝန်ထမ်းများအား နှစ်စဉ်ရာသီတုပ်ကွေး ရောဂါကာကွယ် ဆေးထိုးလုပ်ငန်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုလော(ပြန်/ဆက် )