ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၃၀

၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ သာပေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ သော်ကခန်းမတွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကတက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကိုလည်း ပြုလုပ်ခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေးတက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက ဟောပြောပို့ချ ဆွေးနွေးသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဆွေးနွေးချက်များကို ဂရုစိုက်မှတ်သားနားထောင်၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးသွားကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ရူပဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်၊ ပထဝီဝင်ဘာသာရပ်၊ သမိုင်းဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ နှင့်စပ်လျဉ်း၍ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာတောင်သူဦးအောင်စိုးဦး၏ မြေပဲစိုက်ဧက(၆)ဧကအား ကြည့်ရှုအားပေးပြီး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။ ယင်းနောက် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းရွာလယ်တံတား (၂၄၀)ပေ သံပေါင်ယက်မ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အရည်အသွေးပြည့်မီရေးအပြင် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် အင်တိုက်အားတိုက်‌ဆောင်ရွက်ရန် မှာကြားခဲ့သည်။ အဆိုပါတံတားသည် တံတားအရှည် ၂၄၀ ပေ၊ တံတားခန်းဖွင့် ၄၀ ပေ ၆ ခန်း၊ တံတားအမျိုးအစားမှာ (Bored Pile Foundation၊ RC ကွန်ကရစ်၊ သံကူကွန်ကရစ်ကြမ်းခင်း)ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ တောင်သူဒေါ်ရင်လှ၏ စိုက်ဧက(၂၀)ဧကတွင်စိုက်ပျိုးထားသည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းနေကြာ(စံပြစိုက်ခင်း)Super Sun-41 နေကြာမျိုးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး နေကြာစိုက်ခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်ကြရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ပေစိကွင်းအတွင်း နေကြာသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက်ရှိ တောင်သူဦးထွန်း၏ စိုက်ဧက(၃)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာမျိုးစိုက်ခင်းအားလည်းကောင်း၊ တောင်သူဦးသာစိုး၏ စိုက်ဧက(၂)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာမျိုးစိုက်ခင်းနှင့် ပဲပုပ်(၁)ဧကစိုက်ခင်းအား လည်းကောင်း၊ တောင်သူဦးသိန်းဟန်၏ စိုက်ဧက(၃)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာမျိုးစိုက်ခင်းအားလည်းကောင်း၊ တောင်သူဦးသိန်းဇော်ဝင်း၏ စိုက်ဧက(၃)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာမျိုးစိုက်ခင်းနှင့် ပဲပုပ်(၃)ဧက စိုက်ပျိုးထားရှိမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ပိုးမွှားမကျရောက်စေရေးအတွက် စနစ်တကျဆောင်ရွက်ရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)