ဟင်္သာတ ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်( ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားရာ တွင် နေ့စဉ်လူမှုဘဝတွင် လူတိုင်းသည် ယာဉ်နှင့်လမ်းအသုံးပြုသူများဖြစ်ကြပြီး၊ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်မဖြစ်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိထားရန် လိုအပ်ပါကြောင်း၊ သို့မှသာလမ်းပေါ်၌ အန္တရာယ်မဖြစ်အောင် အသိတရား၊ သတိတရားနှင့် သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ စည်းကမ်းရှိစွာ သွားလာနိုင်မည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် သေဆုံးမှု၊ ဒဏ်ရာ ရရှိမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က မွေးထုတ်ပေးလိုက်သော လူ့စွမ်းအားအရင်းအမြစ်များ လည်း မဆုံးရှုံးမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဟင်္သာတခရိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး၊ ဦးယဉ်မင်းသိုက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာမှုကြောင့် ဖြစ်ပွားခဲ့ရသော မှုခင်းများအကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ဥပဒေပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ ဟင်္သာတခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်အေးသက်ခိုင်က လမ်းအသုံးပြုသူများအတွက် လိုက်နာရမည့်စည်းကမ်းများနှင့် ကုန်းလမ်းပို့ဆောင်ရေးဌာနမှ ထုတ်ပြန်ထားသော ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းများကို လည်းကောင်း ဟောပြောခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အခမ်းအနားသို့ ဟင်္သာတခရိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ဦးယဉ်မင်းသိုက်နှင့်တပ်ဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်အေးသက်ခိုင်နှင့်ဝန်ထမ်းများ၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)