တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲတက်ရောက်

ထားဝယ်      ဇန်နဝါရီ ၂၉

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ အတီးအမှုတ်အကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊  တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းဇော်မြင့်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဦးဝင်းနောင်တို့က ပညာရေးစုံညီပွဲ တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့်ကျောင်းသား/ကျောင်းသူများ၏ စွမ်းဆောင်မှုများကို ထုတ်ဖော်ဂုဏ်ပြုနိုင်ရန် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ ပညာရေးစုံညီပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊  ပညာရေးတိုးတက်မြင့်မားရေးအတွက် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို မိဘပြည်သူများ၊ ကျောင်းအကျိုး‌တော်ဆောင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး မိဘဆရာပူးပေါင်းကလေးပညာကောင်းဆိုသကဲ့သို့ ကလေးများ၏ ဗလငါးတန်ကို ဖော်ထုတ်ပြသခွင့်ရအောင်ဖန်တီးပေးသည့်ပွဲတော်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက်ရခြင်းဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များ ပေါ်ထွက်လာစေရန်နှင့် ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာသန်စွမ်းသည့်ကျောင်းသား/ကျောင်းသူများဖြစ်ပေါ်လာစေရန်၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဆရာဆရာမများ၊ မိဘပြည်သူများစုံစုံညီညီ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်နိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့်ဗဟိုအဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် (၄)နှစ်ဆက်တိုက် ဆုများရရှိခဲ့ပြီး National ICT Awards ပြိုင်ပွဲတွင်လည်း (၃)နှစ်ဆက်တိုက် ဆုများရရှိခဲ့သောကြောင့် များစွာဂုဏ်ယူပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်းနှင့် အလယ်တန်းပညာရေးအစီအစဉ်ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိဘ၊ ဆရာများကအားကိုးရပြီး နိုင်ငံတော်က အားထားရသည့် သားကောင်း သမီးမွန်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက တိုင်း​ဒေသကြီးဂုဏ်​ဆောင် လူရည်ချွန်​မောင်မယ်များအား ထူးချွန်ဆုများချီးမြှင့်ပြီး အခြေခံပညာမူလတန်းနှင့်အလယ်တန်းဆင့်၊ ဗဟိုအဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲနှင့် National ICT Awards ပြိုင်ပွဲများမှ ဆုရရှိသောကျောင်းသားကျောင်းသူများ၊  တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများမှ ဆုရကျောင်းသားကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ကျောင်းသား/ကျောင်းသူများက  တပင်တိုင်အက၊ တိုင်းရင်းသားရိုးရာအက၊ တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ဆုချီးမြှင့်သည်။ဆက်လက်၍ကျောင်းသား/ကျောင်းသူများက ပညာပန်းခင်းသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)