စေတုတ္တရာ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ မြို့နယ်ကျန်းမာရေးမှူး ဒေါ်သက်သက်ရီက ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ၏အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း မှတ်တမ်း Video ပြသပေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ကျန်းမာရေးဝန်ထမ်း ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာငြိမ်း(ပြန်/ဆက်)