ပိုင်ကျုံ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်း အနားကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ပညာ့ဗိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး လှိုင်းဘွဲမြို့နယ် ဒု-လက်ထောက်မြို့နယ်ပညာရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထူးဝင့်ကျော်က ဘက်စုံ ဖွံ့ဖြိုးတိုးတက်ဖို့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရန်လိုကြောင်းနှင့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရန် ပညာရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ကြောင်းကို ပြောကြားပြီးနောက် ကျောင်းအကျိုးတော်ဆောင် ဒု-ဥက္ကဋ္ဌ ဦးကိုကိုဦးက ၂၀၂၅-၂၀၂၆ပညာသင်နှစ် ငွေစာရင်း ရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း စာပေထူးချွန်ဆုနှင့် အားကစားထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က ပိုင်ကျုံကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများ၊ တေး သီချင်းများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ ပိုင်ကျုံမြို့မှ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)