လှိုင်းဘွဲ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှ ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ ကူးစက်ပျံ့ပွားမှုကိုတားဆီးရန်၊ လျှော့ချနိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လှိုင်းဘွဲမြို့၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိ ပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စောငြိမ်းထွန်းက လှိုင်းဘွဲမြို့တွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းသည့်ဒေသများ၌ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အားသာချက်၊ အားနည်းချက်များ၊ တိုးချဲ့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း အဓိကရည်ရွယ်ချက်များ၊ မွေးစမှ အသက်(၉)နှစ်အထိ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်များ၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားရေး လက်ရှိဆောင်ရွက်လျက်ရှိသောနည်းဗျူဟာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုအကြံပြု မေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။
ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ထူးနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၂)ဦးမြတ်စိမ်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့/အမျိူးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)