ထားဝယ် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ(၂)၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းအပြင် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းလာစေရန်အတွက် အသက် (၅)နှစ်အောက်ကလေးငယ်များတွင် ကာကွယ်ဆေး ဖြင့်ကာကွယ်၍ရသောရောဂါများဖြစ်ပွား၊ သေဆုံးမှုအားလျှော့ချရန်ရည်ရွယ်၍ အသက်(၁)နှစ်မှ(၅)နှစ်အတွင်းရှိ ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးခြင်း(Routine Immunization)နှင့် အမီလိုက်ကာကွယ်ဆေးထိုးခြင်း(Catch-up Immunization) နည်းလမ်းများဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ဖြစ်ပွားကူးစက်နိုင်ခြေများပြီး အစုအဝေးဖြင့် နေထိုင်သည့်နေရာများရှိ အသက်(၁၅)နှစ်အောက် ကလေးများအတွက်လိုအပ်သော ကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်း (Special Immunization Activities)၊ ကာကွယ် ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization) စသည်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့်ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)၏ အကြံပြုချက်အရ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှစပြီး အသက်(၉)လအရွယ်ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး(ထိုးဆေး)ဒုတိယအကြိမ် (IVP-2) ထည့်သွင်းထိုးနှံနေပြီဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအားလုံးထံသို့ လိုအပ်သောကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်လျက်ရှိသူများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း အားသွန်ခွန်စိုက်ထပ်မံပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဂျီဆိုင်းတောင်က ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းများ နှင့်လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ် ဆေးထိုးနှံတိုက်ကျွေး သည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးမှတ်တမ်း ဗီဒီယိုကို ကြည့်ရှုပြီး ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)