ပလောက်မြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ပလောက်  ဇန်နဝါရီ  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပလောက်မြို့ မူလွန်၊ ပလောက်(န)တွင် ပြုလုပ်သည်။

 ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်ထောင်စုဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသူများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များနှင့် ဗဟုသုတဖြစ်ဖွယ် ပြည်ထောင်စုနေ့ဆိုင်ရာသမိုင်းကြောင်းများကို ဟောပြောသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ ပြသခဲ့သည်။

ပလောက်(ပြန်/ဆက်)