ကျွန်းစု ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်၍ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး ဘက်စုံထူးချွန်သောလူငယ်လူရွယ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျွန်းစုမြို့ ကပကျေးရွာအုပ်စုအတွင်းရှိ အလက(မရမ်းချောင်း)နှင့် အထက(ခွဲ) ကတန်ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ကြီး ဒေါ်တင်မီမီသော်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးသန္တာဖြိုးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ရေးတို့ကို လည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းက အားကစားကဏ္ဍမြှင့်တင်ရေးနှင့် အားကစားသိပ္ပံတက်ရောက်သင်ကြားနိုင်ရန်တို့ကို အသိပညာပေးပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုနေ့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး အသိပညာပေး နံရံကပ်ဗီနိုင်းများခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)