ဖာပွန်မြို့နယ် ဇန်နဝါရီ ၂၈
ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ် ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ဖာပွန်မြို့နယ် ကမမောင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးမင်းက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးနှင့် နိုင်ငံ့အနာဂတ်အတွက် ရတနာများဖြစ်လာမည့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအားလုံးထံသို့ လိုအပ်သော ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြသောဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မြို့နယ်/ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများမှာလည်း အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အဖွင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုရဲထက်က သွားလာရန်ခက်ခဲသောဒေသများရှိ ကလေးသူငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအားလုံးကို လိုအပ်သည့် ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံတိုက်ကျွေးနိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများနှင့်သက်ဆိုင်သည့် ဗီဒီယိုကလစ်ကို ပြသခဲ့ကြောင်း သိရသည်။
ဖာပွန်(ပြန်/ဆက်)