မြောင်းမြ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများကိုပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က ခုတင် (၂၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr.ဇော်မင်းသိုက်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးမှူး (၁) ဒေါ်လှရီက ရှေ့ဆက်ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ Power Point နှင့်တကွ ဆွေးနွေးတင်ပြခဲ့သည်။
အဆိုပါအခမ်းအနားကို မြောင်းမြခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)