ငဖဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ငဖဲ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ စာပေအသိပညာကြွယ်ဝရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်” သီချင်းဖြင့်သီဆိုဖျော်ဖြေ၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် အထူးအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပသော အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning  Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး  G-11 မှ မောင်စွမ်းတေဇာမောင်၊ မဝင့်ဝါဦး၊ မစန္ဒီထွန်းနှင့် မခင်နုနုဌေးတို့က စာရေးဆရာတက္ကသိုလ် ဘုန်းနိုင်ရေးသားသော “တပြည်သူမရွှေထား” စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် အခြေခံပညာအထက်တန်းဆင့်ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူ ၃ ဦး၊ နှစ်သိမ့်ဆုရရှိသူ ၂ ဦး၊ အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား ကျောင်းသူ ၄ ဦးတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့်မှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကာ ဆရာမများနှင့် ကျောင်းသူလေးများက “ဆီမီးခွက်၊ ထာဝရသစ္စာ၊ လောကအားမာန်” သီချင်းများဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက ငဖဲ(အ.ထ.က)မှ ခင်းကျင်းပြသသော စာအုပ်ပြပွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် အခြေခံပညာအထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်းဆွေးနွေးပွဲအပြင် စာအုပ်ပြခန်း၊ အသိပညာပေးပြခန်းများဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပဆင်နွှဲခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)