ကံမမြို့နယ်အတွင်း အခြေခံပညာသင်ကျောင်းများတွင် စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းများ ဆောင်ရွက်

ကံမ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေးနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်း၊ ဇာတိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကံမ)၏ ကျောင်းစုပေါင်းကွင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဟောပြောခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကံမမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်း(ကံမ)ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန် ရှင်းလင်းပြောကြားခြင်း၊ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများ မပြုလုပ်စေရေးနှင့် မီးခိုးမြူငွေ့အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)