(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီအချိန်က ခရိုင်ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များက တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်ကစားသမားများသည် အ-ထ-က(ဂန့်ဂေါ)ကျောင်းမှကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာတပ်ဖွဲ့နှင့်အတူချီတက်၍ နိုင်ငံတော်အလံအားအလေးပြုကြပြီး  ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်မှ ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်မှ အ-ထ-က (ဂန့်ဂေါ) ကျောင်းမှဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။  ဆက်လက်၍ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကိုကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် ပြစ်မအသင်းနှင့် ဌာနပေါင်းစုံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဌာနပေါင်းစုံအသင်းက ပြစ်မအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်ဘောလုံးအသင်းခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကမည်ဖြစ်ပြီး ပြိုင်ပွဲများကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ခရိုင်ပြည်သူ့အားကစားကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း