မင်းတုန်း ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲ ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် NGO အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်မှ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးလျက်ရှိသည့် အသက်အရွယ်အပိုင်းအခြားများ၊ ကာကွယ်ဆေးအမျိုးအစားများနှင့် မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရရှိလာသည့်အကျိုးရလဒ်များ၊ မင်းတုန်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံနိုင်သည့် အခြေအနေများနှင့်ဆက်လက်၍ အရှိန်အဟုန်မြှင့် ထိုးနှံတိုက်ကျွေးမည့်အစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)