နတ်မောက် ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ချင်းက ပြည်သူလူထုများ အထူးသဖြင့်ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးဖြင့်ကာကွယ်၍ ရသောရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုကိုလျှော့ချရန်ရည်ရွယ်၍ ဆောင်ရွက်ရမည့်အကြောင်းအရင်းများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲသည် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို အဓိကရည်ရွယ်ချက်(၅)ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်းရှင်းလင်းခြင်းနှင့် ဆောင်ရွက်မှုအစီအစဥ်များကို Power Point ဖြင့် ရှင်းလင်း၍ မှတ်တမ်းတင်ဗီဒီယို များကိုလည်းပြသခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို မေးမြန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ချင်းက သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ လှဝင်း