ပဲခူးတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်‌ရေး အသိပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူး ဇန်နဝါရီ ၂၈

ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရားလမ်း တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်‌ရေးအတွက် အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့အနာဂတ်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာကြမယ့် ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်တဲ့ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အားလုံးထံသို့ လိုအပ်သော ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းများမှာလည်း အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်‌ရေး လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး မှတ်တမ်း Video Click အား ကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှူရေးရာ ဝန်ကြီးဦးမျိုးအောင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးဝန်ထမ်းများ၊ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ ဆေးရုံအုပ်ကြီး‌နှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပဲခူးသားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)