ထားဝယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၇)နှစ်အောက် ခရစ်ကက်ပြိုင်ပွဲ ဆုချီးမြှင့် 

ထားဝယ်  ဇန်နဝါရီ ၂၇

ထားဝယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားအခြေခံပညာကျောင်းပေါင်းစုံအသက်(၁၇)နှစ်အောက် ခရစ်ကက်ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသည့် အမျိုးသား အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အသင်းနှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းက အနိုင်ရရှိသည်။

ထို့နောက်ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များကအမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအသင်း၊ အမျိုးသားပြိုင်ပွဲတွင်တတိယဆုရရှိသည့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းအသင်း၊ အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင်ပထမဆုရရှိသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က အမျိုးသားပြိုင်ပွဲတွင်ပထမဆုရရှိသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွှန့်က အမျိုးသား/အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းအား တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ငွေဇင်ယော်(ထားဝယ်)