လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ သို့ တက်ရောက်ခဲ့သည့် ကယားပြည်နယ်ကိုယ်စားပြုလူငယ်များ၏ အတွေ့အကြုံရှင်းလင်း  

လွိုင်ကော်      ဇန်နဝါရီ        ၂၇

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ကျင်းပသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ သို့ တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းတင်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသားကျောင်းသူများက “လူငယ့်အားမာန် တိုင်းပြည်အဖိုးတန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။  ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ကို ပြည်နယ်ကိုယ်စားပြုတက်ရောက်ခဲ့ကြသည့် လူငယ်မောင်မယ်များအနေဖြင့် ရရှိခဲ့သော အတွေ့အကြုံကောင်းများကို ပြန်လည်မျှဝေခြင်းအားဖြင့် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်နယ်အတွင်းရှိ လူငယ်များ ပိုမိုသိရှိလာစေရန်နှင့် လူငယ်များ၏ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်များမြင့်မားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖိုရမ်မှရရှိလာသည့် အတွေ့အကြုံကောင်းများကို ပြန်လည်မျှဝေခြင်းဖြစ်သည့်အတွက် လူငယ်များအတွက်အကျိုးရှိထိရောက်သည့် ဗဟုသုတ ကောင်းများလည်း တိုးပွားနိုင်မည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးအတွက်  လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံစေရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့်လည်း စည်းလုံးညီညွတ်မှုအားဖြင့် နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်များ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စရပ်များတွင် တစ်ထောင့်တစ်နေရာက တက်ကြွစွာပါဝင်ဆောင်ရွက်ကြစေလိုကြောင်း စသည် ဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ အထိမ်းအမှတ်တံဆိပ်အား ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အပ်နှံသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆သို့ ပြည်နယ်ကိုယ်စားပြု တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့နှင့် အဆိုအကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာလူငယ်ကိုယ်စားလှယ်များက လက်ခံယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုမြှင့်တင်ပေး” မှတ်တမ်းဗီဒီယိုပြသသည်။ ဆက်လက်၍ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်မှ အုပ်ချုပ်သူတစ်ဦးက လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းတင်ပြခဲ့ပြီး လူငယ်ကိုယ်စားလှယ်တစ်ဦးက “လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆” ကြေညာစာတမ်းအား ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများ၏ “ပန်းရောင်စုံနဲ့ လှတဲ့မြေ” တေးသီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေ တင်ဆက်မှုအား ကြည့်ရှုအားပေးသည်။

ရှင်းလင်းတင်ပြပွဲတွင် လူငယ်ကိုယ်စားလှယ်များက သက်ဆိုင်ရာခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး လွိုင်ကော်မြို့ပေါ်ရှိ အခြေခံပညာနှင့် အဆင့်မြင့်ပညာ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့်သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)