ဝေါ ဇန်နဝါရီ ၂၇
နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆုဝေကျော်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး(၁) ဦးစန်းအောင်က ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးပြီး၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း မှတ်တမ်း Video ပြသပေးသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)